5 kinds of Buddhism

.
ဗုဒ္ဓဘာသာ (၅)မျိုး

မြတ်စွာဘုရားက “နောင်အနာဂတ်မှာ ဗုဒ္ဓဘာသာ (၅)မျိုး ကွဲပြားလိမ့်မယ်” ဟု ဟောတော်မူခဲ့ပါတယ်။
ယနေ့ခေတ်လူတွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။ ဘုရားတောင် မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း မသိကြတော့ပါဘူး။ ဒီလိုအခြေအနေတွေကို ကြို၍သိလို မြတ်စွာဘုရားက ဟောတော် မူခဲ့ပါတယ်။

အဲ့ဒီ ဗုဒ္ဓဘာသာ(၅)မျိုး ကတော့...
၁) ကုလ ဗုဒ္ဓဘာသာ
၂) လာဘ ဗုဒ္ဓဘာသာ
၃) ဘယ ဗုဒ္ဓဘာသာ
၎) သဒ္ဓါဓိက ဗုဒ္ဓဘာသာ
၅) ပညာဓိက ဗုဒ္ဓဘာသာ

၁) ကုလ ဗုဒ္ဓဘာသာ
ကုလ ဗုဒ္ဓဘာသာဆိုတာ ရိုးရာဗုဒ္ဓဘာသာကို ပြောတာပါ။ မိဘ ဗုဒ္ဓဘာသာမို့ သားသမီးက ဗုဒ္ဓဘာသာဖြစ်လာရတာပါ။ မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်း ခရစ်ယာန်။ ဒါကို မိရိုးဖလာ ကုလဗုဒ္ဓဘာသာပေါ့။ မိဘက ဗုဒ္ဓဘာသာမို့သာ သားသမီးက ဗုဒ္ဓဘာသာဖြစ်လာရတာပါ။ ဘုရားရှင် ဘာလို့ပွင့်မှန်းလည်း မသိ၊ ဘုရားက ဘာတရား ဟောမှန်းလည်း မသိ၊ ကိုးကွယ်နေတဲ့ မြတ်စွာဘုရား ဘာကြောင့် ကိုးကွယ်ရမှန်းလည်း မသိ။ တရားတော်ကို ဘာကြောင့် ကိုးကွယ်ရမှန်း မသိ၊ ဘုရားကို ဦးချတာ ဘာရည်ရွယ်ချက်နဲ့ ဦးချမှန်း မသိ၊ ဘာကြောင့် ဒီလောက်ရိုရိုသေသေနဲ့ အလေးပြုနေမှန်းကို မသိတာ။ လုပ်တော့ လုပ်နေတာပဲ။ အသိပညာ ဘာမှ မပါတာ ကုလ ဗုဒ္ဓဘာသာပါ။

၂) လာဘ ဗုဒ္ဓဘာသာ
လာဘ ဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘလိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာမျိုးကို ဆိုလိုတာပါ။ ဒီဘဝ စီးပွားရေးလေးများ တက်မလားဆိုပြီးမှ ဘုရားကိုးကွယ်တာမှာ ရွေးပြီးကိုးကွယ်တယ်။ ဒီဘုရားကို ကိုးကွယ်ရင်တော့ လာဘ်လာဘ ပေါများတယ်၊ ဟိုဘုရား ကိုးကွယ်ရင်တော့ဖြင့် စီးပွားရေး တက်တယ်ဆိုပြီး ရွေးကိုးကွယ်တာ လာဘ ဗုဒ္ဓဘာသာပါ။ ဘုရားကိုးကွယ်မှသာ လာဘ်ပေါများမယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန်တွေ ဘာလို့ လာဘ်ရွှင်နေလဲ။အဓိက'က စီးပွားဖြစ်နေတယ်ဆိုတာ ဘုရားကြောင့် မဟုတ်ပါဘူး။ ကံ၊ ဉာဏ်၊ ဝီရိယ၊ သတ္တိ ကြောင့်ပါ။ အိမ်ခြံ ဝယ်မယ်/ရောင်းမယ်၊ အိမ်နေရာ ပြောင်းမယ်ဆိုရင်တောင်မှ ရက်ရာဇာ၊ ပြဿဒါး ရွေးနေတာတွေ။ ဘုရားကျောင်းဆောင်ပေါ်မှာ ဘိုးတော်၊ ဘွားတော်ပုံတွေကို တင် ထားတာတွေ။ ကိုကြီးကျော်၊ မနှဲလေး အစရှိတဲ့ နတ်တွေ ကိုးကွယ်တာတွေ။ ဗေဒင်တွေ ယုံကြည်ပြီး ယတြာတွေ ချေလိုက်ကြ စသည့် လာဘ်လာဘများ လိုချင်လို့ ကိုးကွယ်နေကြတဲ့ ဗုဒ္ဓဘာသာများကို လာဘဗုဒ္ဓဘာသာလို့ ခေါ်ပါတယ်။

၃) ဘယ ဗုဒ္ဓဘာသာ
ဘယ ဗုဒ္ဓဘာသာဆိုတာ ဘေးကိုကြောက်လို့ ကိုးကွယ်တာကို ခေါ်ပါတယ်။ အန္တရာယ်ကင်းဖို့၊ ဘေးရှင်းဖို့၊ အသက်ရှည်ဖို့၊ ကျန်းမာဖို့၊ ဒီလိုအတွေးအခေါ်တွေနဲ့ ဘုရားကိုးကွယ်တာကို ဘယ ဗုဒ္ဓဘာသာဟု ခေါ်ပါသည်။ ဒီဘုရားကို ကိုးကွယ်မှ အသက်ရှည်မည်သာဆိုရင် ဘုရား မကိုးကွယ်တဲ့ ခရစ်ယာန်၊ အစ္စလာမ်တွေ အသက်ရာကျော် ရှည်နေကြတာ ဘာလို့ပါလဲ။ ဘာမှမသိဘဲ ရမ်းကိုးကွယ်တာ ကုလ ဗုဒဘာသာ။ လာဘ်လာဘ လိုချင်လို့ ကိုးကွယ်တာကို လာဘ ဗုဒ္ဓဘာသာ။ ဘေးကြောက်ပြီး အကိုးအကွယ် မှားနေတာ ဘယ ဗုဒ္ဓဘာသာ။ ဒီ ကုလ၊ လာဘ၊ ဘယ ဗုဒ္ဓဘာသာ (၃)မျိုးကို အောက်တန်းစား ဗုဒ္ဓဘာသာများဟု ခေါ်ပါသည်။ ဟိုလူ မပါ။ ဒီလူမပါ။ ဟိုလူ့ ပသပါတယ်။ ဒီလူ့ ပသပါတယ်။ လက်ညှိုးထိုး ခွက်လှန် လုပ်နေတာ တွေကို ဘုရားက သူတောင်းစား ဗုဒ္ဓဘာသာပါတဲ့။ ခန္ဓာမှာ အသိ၊ ဘာသာရေး အသိဓာတ်ခံနည်းတော့ လိမ်စားနေတဲ့သူတွေက လိမ်လို့အရမ်း ကောင်းနေပါတယ်။ ဘုရားလည်း ကိုးကွယ်ရသေး၊ တရားလည်း ကိုးကွယ်ရသေး၊ ဆွမ်းဦးကို လည်း လောင်းလှူရသေး၊ သာသနာတော်ကိုလည်း ပစ္စည်းလေးပါးဖြင့် လှူဒါန်းပူဇော် ဆက်ကပ်ရသေး။ ဘာအတွက် ဒါတွေ လုပ်နေရတာလဲ။ ဘာအတွက် သာသနာကို ချီးမြှောက်နေတာလဲ။ ဘာအတွက် ကျောင်းဆောက်နေတာလဲ။ စဉ်းစားပါ။ ဝေဖန်ပါ။ သုံးသပ်ပါ။

၎) သဒ္ဓါဓိက ဗုဒ္ဓဘာသာ
သဒ္ဒါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဒါတရားကို အရင်းခံပါတယ်။ သဒ္ဒါတရားဆိုတာ ယုံကြည်ချက်ပါ။ ဘုရား၊ တရား၊ သံဃာကို တကယ်သက်ဝင် ယုံကြည်တာကို ခေါ်ပါတယ်။ ယုံကြည်တဲ့နေရာမှာလည်း မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာသဒ္ဒါနဲ့၊ မှားမှားယွင်းယွင်း ယုံကြည်တဲ့ မိစ္ဆာသဒ္ဒါဆိုပြီး (၂)မျိုး ရှိပါတယ်။ သမ္မာသဒ္ဒါ မှန်မှန်ကန်ကန်ယုံကြည်ချက်ဆိုတာ သစ္စာတရားကို သိတော်မူတဲ့ မြတ်စွာဘုရားဟာ ဝေနေယျ သတ္တဝါတွေကို သူသိသကဲ့သို့ မေတ္တာ၊ ဂရုဏာတော် အပြည့်နဲ့ သစ္စာလေးချက်၏ အနက်ကို ဟောကြားတော် မူခဲ့ပါသည်။ ဒီတရားတော်ရဲ့ အနက်တွေကို ပိုင်ပိုင်နိုင်နိုင် သိတော်မူသွားကြတဲ့ အရိယာသူတော်စင်ကြီးတွေဟာ နိဗ္ဗာန် ဝင်စံသွားကြပါတယ်။ နိဗ္ဗာန်ဆိုတာ အို ၊သေ၊ နာ လွတ်ရာပါ။ အသေလွတ်ရာ ပြတတ်လို့ "မြတ်စွာဘုရားအား ကိုးကွယ်ပါ၏" ဆိုတဲ့ ယုံကြည်ချက်ဟာ မှန်ကန်သော ယုံကြည်ချက်။ တရားတော်ကို ဘာကြောင့် ကိုးကွယ်ရသလဲ။ မြတ်စွာဘုရား ဟောတော်မူခဲ့သော တရားတော်ကို ကြိုစားအားထုတ်လိုက်လို့ တရားလမ်းကြောင်းအတိုင်း သာ လျှောက်သွားနိုင်ရင် နိဗ္ဗာန်ရောက်ပါမည်။ ထိုအသေလွတ်ရာသို့ပို့ဆောင်တာ တရားက ပို့ဆောင်တာပါ။ ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ပါဘူး။ ထိုတရားတွေ မကွယ်မပျောက် သေးတာ ဘယ်သူ့ကျေးဇူးပါလဲဆိုရင် သံဃာတော်တွေရဲ့ ကျေးဇူးပါ။ ဘုရားရှင် ဟောတော်မူသော ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊ သုတ်ဝိနည်း အဘိဓမ္မာတရားတွေကို သံဃာတော် တွေက ဆောင်ထားတာပါ။ ပိဋကသုံးပုံကို သံဃာတော်တွေက စောင့်ရှောက် ထားခဲ့တာပါ။ သံဃာတော်ကို ယုံကြည်မှု၊ ဒါတွေက ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန်နဲ့ ယုံကြည်ကြတဲ့ သမ္မာသဒ္ဒါ ယုံကြည်မှု။ မိစ္ဆာသဒ္ဒါယုံကြည်မှုက လာဘ်လာဘ ပေါတယ်။ အန္တရာယ် ကင်း တယ်ဆိုပြီး ကိုးကွယ် ယုံကြည်နေတာ မိစ္ဆာသဒ္ဒါ။ လာဘ်လာဘ ပေါတယ်ဆိုတဲ့ လာဘဗုဒ္ဓဘာသာ ယုံကြည်ချက်၊ အန္တရာယ်ကင်းအောင် ဆိုပြီး ဘယ ဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်ချက်၊ ဗုဒ္ဓရဲ့ ဂုဏ်ကျှေဇူးကို ဘာမှနားမလည်ဘဲ သူများက ဦးတိုက်နေလို့သာ ရမ်းဦးတိုက်ရတဲ့ ကုလဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်မှု၊ ဒါတွေဟာ မိစ္ဆာသဒ္ဓါ တွေပါ။ အသေလွတ်ရာလမ်းကို ပြတတ်လို့၊ အသေလွတ်ရာ ပို့ဆောင်နိုင်ခဲ့လို့၊ အသေလွတ်ရာ တရားကိုဆောင်ထားနိုင်လို့ "ရတနာသုံးပါးကို ကိုးကွယ်ပါ၏" ဆိုတဲ့ သမ္မာသဒ္ဒါ။ အနှစ် သာရ မရှိတာကို မရှိဘူးလို့ သိပါတယ်၊ အနှစ်သာရ ရှိတာကို ရှိတယ်လို့ သိပါတယ်၊ မှားတာကို မှားတယ်လို့ သိတယ်၊ မှန်တာကို မှန်တယ်လို့ သိတယ်၊ သိတဲ့အပြင် အမှားလမ်းကို ရှောင်၊ အမှန်လမ်းကို ဆောင်တာသည် သမ္မာသဒ္ဒါရှိတဲ့ သဒ္ဒါဓိက ဗုဒ္ဓဘာသာပါ။

၅) ပညာဓိကဗုဒ္ဓဘာသာ
သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာကို ပညာဓိက ဟုခေါ်သည်။ ပညာဓိက ဗုဒ္ဓဘာသာဟာ တရားတော်ကို ယုံကြည်တယ်။ တရားတော်ကို ဘယ်လိုယုံကြည်တာလည်း ဆိုတော့ ရမ်းယုံကြည်တာမဟုတ်ဘဲ ခန္ဓာအသိနဲ့ အသေအချာသိပြီး ယုံတယ်။ ထိုသို့သိတာကို ပညာ ဟုခေါ်ပါသည်။ သစ္စာလေးပါးကို အသေအချာ ပညာနဲ့သိတဲ့ ဗုဒ္ဓဘာသာ၊ ဖြစ်ပျက်မှုတွေကို သိတဲ့ ဗုဒ္ဓဘာသာ၊ ဖြစ်ပျက် မြင်တာ ခန္ဓာက မြင်တာလား၊ ပညာက မြင်တာလားဆိုတော့ ပညာက မြင်တာပါ။ ပညာဓိက ဗုဒ္ဓဘာသာပါ။ ဘုရားက မင်းတို့ခန္ဓာထဲမှာ ဖြစ်တာနဲ့၊ ပျက် တာပဲ ရှိတာလို့ ဟောခဲ့ပါတယ်။ ဒါကို ကိုယ်တိုင် သစ္စာတရားကို သေချာသိပြီး ကျင့်ကြံလိုက်တော့ မြင်တယ်။ ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်။ ယုံကြည်တော့ သဒ္ဒါ၊ ဖြစ်ပျက်မြင်တာက ပညာ။ ထိုကြောင့် သဒ္ဒါနဲ့ပညာဟာ သွားပြီး တွဲနေပါတယ်။ သဒ္ဒါတရား မှန်မှန်ကန်ကန်ဖြင့်သာ ကြိုးစားမယ်ဆိုရင် အပ္ပါယ်လေးပါးမှ လွတ်မြောက်နိုင်ပါ ၏။ ဒို့မှာ အပ္ပါယ်မျိုးစေ့တွေ၊ အပ္ပါယ်ကျကြောင်းကံတွေ လုပ်ထားတာရှိကြပါတယ်။ ဒါတွေကို ဘယ်သူမှ ဝင်တားလို့ မရပါဘူး။ သူ့ကို တားချင်ရင်၊ သူ့ကို အကျိုးမပေးစေချင်ရင် ဘာနဲ့ ဖြတ်ရမလဲဆိုတော့ ဉာဏ်နဲ့ ဖြတ်ရမယ်။ ဉာဏ်နဲ့ ဖြတ်လိုက်လို့ ဖြစ်ပျက် မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ် မှာ သဒ္ဒါလည်း ပါတယ်၊ ပညာလည်း ပါတယ်။ ဒါသည် သဒ္ဒါဓိကနှင့် ပညာဓိက ဗုဒ္ဓဘာသာ ဖြစ်ပါသည်။ သဒ္ဒါဓိကနှင့် ပညာဓိက ဗုဒ္ဓဘာသာဟာ အထက်တန်း ဗုဒ္ဓဘာသာပါ။

(ဒီဗုဒ္ဓဘာသာ(၅)မျိုးအကြောင်းအား အရှင်ဇောတိကသာရ(စဥ့်ကူး) ရေးသားပူဇော်ခဲ့သည့် မိုးကုတ်မြို့၊ ကုန်းမြင့်သာရပ်၊ ဓမ္မရံသီရိပ်သာ၊ ပဓာနနာယက ကမ္မဠာနစရိယ နယ်လှည့်ဓမ္မ ကထိကဆရာတော် ဘဒ္ဒန္နသုနန္ဒ ဟောကြားတော်မူသော ဗုဒ္ဓဘာသာ(၅)မျိုးနှင့် သစ္စာလေးပါး တရားတော် စာအုပ်မှ ကောက်နှုတ် ဖော်ပြခြင်း ဖြစ်ပါတယ်။)

.

Detachment & Ignorant

.

ဥပေက္ခာ

ဥပေက္ခာရဲ့ သဘောတရားကို မြန်မာလူမျိုးတွေက အဓိပ္ပာယ်ကောက် လွဲနေတယ်။
မခေါ် မပြော၊ ဂရု မစိုက်ဘဲ နေတာလို့ ထင်နေကြတယ်။ (ignorant)

အမှန်မှာ ဥပေက္ခာက မေတ္တာ၊ ကရုဏာ၊ မုဒိတာ တွေထက် သာတယ်။

ဥပေက္ခာ ဆိုတဲ့ သဘောတရားက
"လူဆိုတာ သူ့ကံနဲ့ သူဖြစ်တာ။
ကိုယ့်ကို ဆဲရေးတာ၊ ချီးမွမ်း ကူညီတာကို ဝမ်းနည်း၊ ဝမ်းသာ ဖြစ်မနေဘူး။
စိတ်ဓာတ် အလွန်တည်ငြိမ်တဲ့ ပုဂ္ဂိုလ် အနေအထားမျိုး" ကိုမှ
'ဥပေက္ခာ' လို့ ခေါ်တယ်။ (detachment)

(အရှင်နန္ဒမာလာဘိဝံသ)

.

10 Attachments

.

သံယောဇဉ် ၁၀ ပါး

၁) ကာမရာဂ သံယောဇဉ် - အာရုံငါးပါး၌ တပ်မက်စွဲလမ်းခြင်း
၂) ဘဝရာဂ သံယောဇဉ် - ကာမ၊ ရူပ၊ အရူပ ဟူသော ဘဝသုံးပါးကို တပ်မက်စွဲလမ်းခြင်း
၃) ပဋိဃ သံယောဇဉ် - စိတ်ဆိုးခြင်း၊ အမျက်ဒေါသထွက်ခြင်း
၎) မာန သံယောဇဉ် - ထောင်လွှားခြင်း
၅) ဒိဋ္ဌိ သံယောဇဉ် - ရုပ် နာမ်ကို သူ-ငါပဲဟု အယူအစွဲမှားခြင်း
၆) ဝိစိကိစ္ဆာ သံယောဇဉ် - ရတနာသုံးပါး ကံတရား၌ ယုံမှားသံသယဖြစ်ခြင်း
၇) သိလဗ္ဗတပရာမာသ သံယောဇဉ် - ရှစ်ပါးမဂ္ဂင်၊ ကျင့်စဉ်မပါ၊ သစ္စာမမြင် အယူမစင်ကြယ်သော အကျင့်ကို ကျင့်ခြင်း
၈) ဣဿာ သံယောဇဉ် - မနာလိုခြင်း
၉) မစ္ဆရိယ သံယောဇဉ် - ဝန်တိုကောက်ကျစ်ခြင်း
၁၀) အဝိဇ္ဇာ သံယောဇဉ် - သစ္စာလေးပါးကို အမှန်မသိခြင်း

.

Desire

.

တဏှာ

ဘယ်လောက်ပင် စားရစားရ
တစ်ဝမ်း ဝရုံဘဲ

ဘယ်လောက်ပင် ဝတ်ရဝတ်ရ
အရေပြား ဖုံးရုံဘဲ

ဘယ်လောက်ပင် အိပ်ရနေရ
တစ်ကိုယ်စာလေးဘဲ

ကုသိုလ်ပြုလျှင် ကိုယ့်ဘို့
ကျန်ခဲ့လျှင် သူများဘို့။

.

Mind of Religion

.

ဘာသာစိတ်

အိုးမဖုတ်ခင် အိုးလုပ်စဉ်ဝယ်
အိုးတွင်နှိပ်ခတ် တံဆိပ်မှတ်ကား
မပြတ်မစဲ အိုးပင်ကွဲလည်း
အမြဲတစေ တည်ရှိနေသို့
ထွေထွေသွေးသား ကလေးများ၌
ဘုရားတံဆိပ် ဘာသာစိတ်ကို
ခပ်နှိပ်နိုင်မှ သက်ဆုံးကျအောင်
ဗုဒ္ဓဝါဒီ စွဲ၍တည်မည်
ကိုယ်စီခပ်နှိပ် စေသတည်း။

(အရှင်ဇနကာ ဘိဝံသ၊ အမရပူရမြို့၊ မဟာဂန္ဓာရုံ ဆရာတော်)

.